လေ့ကျင့်ခန်းပုံမှန်လုပ်ရင် ရမယ့်အကျိုးကျေးဇူးများ
လေ့ကျင့်ခန်းဆိုတာ လွယ်လွယ်ပြောရရင် ကိုယ်လက်လှုပ်ရှားတာပါပဲ။ ဘယ်လိုပဲလှုပ်ရှားလှုပ်ရှား ကြွက်သားတွေလှုပ်ရှားပြီး အလုပ်လုပ်နေဖို့နဲ့ ကိုယ်ခန္ဓာထဲက ကယ်လိုရီတွေ လောင်ကျွမ်းနေဖို့ပဲ လိုတာပါ။
ကိုယ်လက်လှုပ်ရှားမရှိဘဲ အမြဲတမ်းထိုင်နေ၊ အိပ်နေ၊ လေးကန်နေတဲ့သူဟာ အဝလွန်တာအပြင် အသည်းအဆီဖုံးရောဂါ၊ နှလုံးသွေးကြောကျဥ်းရောဂါ၊ သွေးတိုးရောဂါ၊ ဆီးချိုရောဂါတွေ ဖြစ်နိုင်ခြေ ပိုများပါတယ်။
ဒါကြောင့် အေရိုးဗစ်ပဲဆော့ဆော့၊ ယောဂပဲကျင့်ကျင့်၊ လမ်းပဲလျှောက်လျှောက်၊ ပြေးပဲပြေးပြေး၊ ဘောလုံးပဲကန်ကန်၊ ကြက်တောင်ပဲရိုက်ရိုက်၊ ရေပဲကူးကူး၊ အကြောပဲလျှော့လျှော့ ကိုယ်လက်လှုပ်ရှားနေရင် ရပါပြီ။
အဲဒီလို လေ့ကျင့်ခန်း ပုံမှန်လုပ်ရင် ဘာတွေကောင်းမလဲ?
(1) ပိုပြီး ပျော်ရွှင်စေတယ်
မယုံမရှိပါနဲ့။ စိတ်ဓာတ်ကျနေတဲ့အခါ၊ စိတ်ဖိစီးစိတ်ပူပန်နေတဲ့အခါ တောင်တောင်အီအီ စဥ်းစားပြီး ညစ်နေမယ့်အစား ထပြီး ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းလုပ်လိုက်တဲ့အခါ ချွေးတွေထွက်၊ သွက်လက်ပြီး မိုတီတွေရသွားသလို လွင့်နေတာမျိုး ခံစားရပါလိမ့်မယ်။ ဘာကြောင့်လဲဆို လေ့ကျင့်ခန်းလုပ်တဲ့အခါ ဦးနှောက်က serotonin နဲ့ norephinephrine လို့ခေါ်တဲ့ စိတ်ဓာတ်ကျခြင်းကို သက်သာစေတဲ့ ဟော်မုန်းတွေကို ပိုထွက်စေလို့ပါ။ ဒါ့အပြင် ပျော်ရွှင်ခြင်းဟော်မုန်းလို့ ခေါ်တဲ့ endorphins တွေလည်း ပိုထွက်စေပြီး နာကျင်ခြင်းသက်သာကာ အကောင်းမြင်စိတ် တိုးစေပါတယ်။
(2) ကိုယ်အလေးချိန် ကျစေတယ်
ဒါကတော့ လူတိုင်းသိပြီး လူတိုင်းလိုက်မလုပ်တဲ့ အရာပါ။ ဝိတ်ကျချင်ပေမယ့် လေ့ကျင့်ခန်းမလုပ်ချင်ဘူး ဆိုတဲ့သူတွေ တကယ်များပါတယ်။ ဝိတ်ကျချင်လို့ အစားရှောင် diet တစ်ခုတည်း လုပ်တာထက် လေ့ကျင့်ခန်းပါ တွဲလုပ်တဲ့အခါ အဆီတွေကို ပိုမိုလောင်ကျွမ်းစေပြီး ကြွက်သားတွေ ပျော့တွဲမသွားအောင် ထိန်းသိမ်းပေးပါတယ်။ ပုံပျက်ပန်းပျက်ကြီး ပိန်သွားတာမဟုတ်ဘဲ ကျစ်လစ်လှပစေမှာပါ။
(3) အရိုးတွေ၊ ကြွက်သားတွေကို သန်မာစေတယ်
အသက်ကြီးလာတာနဲ့အမျှ အရိုးတွေပါးလာတာ၊ ကြွက်သားတွေ လျော့ရဲလာတာ ဓမ္မတာပါပဲ။ အသက်ငယ်စဥ်တည်းက လေ့ကျင့်ခန်းလုပ်တဲ့အခါ ကြီးလာတဲ့အခါ အရိုးပါးရောဂါမဖြစ်အောင်၊ ကြွက်သားတွေလည်း ကျစ်လစ်သန်မာနေအောင် လုပ်ဆောင်ပေးနိုင်ပါတယ်။ အသားဓာတ်နဲ့ ကယ်လဆီယမ်ကိုလည်း လုံလောက်အောင် စားပေးရပါမယ်။
(4) စွမ်းအင်မြင့်မားစေတယ်
မလှုပ်ချင်မကိုင်ချင် နုံးချိနေတဲ့အခါ လေ့ကျင့်ခန်းလုပ်လိုက်ပါ။ ပေါ့ပါးသွက်လက်ပြီး စွမ်းအင်တွေ တိုးသွားသလို ခံစားစေရမှာ အသေအချာပါပဲ။ လေ့ကျင့်ခန်းလုပ်တာဟာ နှလုံးနဲ့ အဆုတ်ကျန်းမာရေးကို အထောက်အကူပြုပါတယ်။ "လှေကားတက်ခြင်းဟာ ကျန်းမာရေးအတွက်ကောင်းတယ်" ဆိုတဲ့ စကားတောင် ရှိပါတယ်။ လှေကားတက်တာဟာလည်း လေ့ကျင့်ခန်းတစ်မျိုးပါပဲ။
(5) နာတာရှည်ရောဂါ ဖြစ်နိုင်ခြေတွေ လျော့စေတယ်
သွေးထဲက အဆီတွေကျစေလို့ နှလုံးသွေးကြောကျဥ်းရောဂါ မဖြစ်တာ၊ နှလုံးကျန်းမာရေးအတွက် ကောင်းတာ၊ သွေးဖိအားကျစေလို့ သွေးတိုးရောဂါကာကွယ်တာ၊ အင်ဆူလင်ဓာတ်ထိန်းညှိပေးလို့ ဆီးချိုကာကွယ်တာ၊ အသည်းထဲက အဆီတွေကျပြီး အသည်းအဆီဖုံးသက်သာစေတာ၊ အဝလွန်ရောဂါ မဖြစ်အောင် ကာကွယ်နိုင်တာတွေက လေ့ကျင့်ခန်းလုပ်တာရဲ့ အကျိုးကျေးဇူးပါ။ ဒါ့အပြင် ကင်ဆာရောဂါတွေ ဖြစ်နိုင်ခြေကိုလည်းလျော့နည်းစေပါတယ်။
(6) အသားအရည်လှပစေတယ်
လေ့ကျင့်ခန်းလုပ်တဲ့အခါ antioxidants တွေထွက်စေပါတယ်။ Antioxidants တွေက ဆဲလ်တွေကို ပျက်စီးစေပြီး အိုမင်းရင့်ရော်စေတဲ့ free radicals တွေကို တိုက်ဖျက်ပေးပါတယ်။ ဒါ့အပြင် လေ့ကျင့်ခန်းလုပ်တာက သွေးလှည့်ပတ်မှုကို ပိုကောင်းစေပြီး ဆဲလ်အသစ်မွေးဖွားခြင်းကို အကူအညီပေးပါတယ်။
(7) မှတ်ဥာဏ်နဲ့ တွေးခေါ်စွမ်းအားကို ကောင်းစေတယ်
လေ့ကျင့်ခန်းလုပ်လို့ နှလုံးခုန်နှုန်းမြန်လာတဲ့အခါ ဦးနှောက်ကို သွေးနဲ့အောက်ဆီဂျင် စီးဆင်းမှု ပိုကောင်းစေပြီး ဦးနှောက်ဆဲလ်တွေဖွံဖြိုးစေတဲ့ ဟော်မုန်းတွေကို ပိုမိုထုတ်လုပ်ပေးပါတယ်။ အသက်ကြီးတဲ့သူတွေမှာ ဦးနှေက်ကျုံ့ပြီး သတိမေ့တဲ့ အယ်လ်ဇိုင်းမားရောဂါနဲ့ ဒီမန်းရှားရောဂါတွေကိုလည်း ကာကွယ်ပေးပါတယ်။
(8) အိပ်ပျော်စေတယ်
လေ့ကျင့်ခန်းလုပ်တဲ့ရက်တွေမှာ ခါတိုင်းထက် ပိုပြီးအိပ်ပျော်တာ အမှန်ပါပဲ။ လေ့ကျင့်ခန်းလုပ်နေချိန်မှာ ခန္ဓာကိုယ်အပူချိန်တက်နေတတ်ပေမယ့် ညအိပ်ချိန်ရောက်တဲ့အခါ ခန္ဓာကိုယ်အပူချိန်ကို လျော့ကျစေလို့ နှစ်ခြိုက်စွာ အိပ်ပျော်စေတာလို့ ဆိုကြပါတယ်။
(9) နာကျင်တာတွေ သက်သာစေတယ်
နာကျင်တဲ့အချိန်မှာ အနားယူတာက ကုသမှုလို့ ဆိုကြပေမယ့် လေ့ကျင့်ခန်းလုပ်တာဟာ နာကျင်မှုကို ခံနိုင်ရည်ပိုရှိစေတာလည်း အမှန်ပါပဲ။ ဒါကြောင့်လည်း ခါးနာတာအတွက်၊ ဒူးနာတာအတွက်၊ ပခုံးနာတာအတွက် ဆိုပြီး သီးသန့်လေ့ကျင့်ခန်းတွေတောင် ရှိပါတယ်။
(10) အိမ်ထောင်မှုသုခ (လိင်မှုသုခ) ကို ရစေတယ်
လေ့ကျင့်ခန်းလုပ်လို့ နှလုံးအားကောင်းတာ၊ သွေးလှည့်ပတ်မှုကောင်းတာ၊ ကြွက်သားတွေသန်မာလာတာ၊ ပျော့ပျောင်းလာတာတွေက လိင်မှုရေးရာကို အထောက်အကူပြုပါတယ်။ ဒါ့အပြင် လိင်စိတ်ဆန္ဒတက်ကြွတာ၊ အမျိုးသားတွေမှာ ထောင်မတ်မှုကို ကြာရှည်ထိန်းထားနိုင်တာတွေ ဖြစ်စေပါတယ်။
လေ့ကျင့်ခန်းလုပ်ရင် ရမယ့်အကျိုးကျေးဇူးတွေက သဘောကျစရာတွေချည်းပဲ မဟုတ်လား။ ဒါဆို ကျန်းမာလှပ စိတ်ချမ်းသာရအောင် အခုပဲစပြီး လှုပ်ရှားလိုက်ကြစို့နော်။
Healtppy က စာတွေက အတွေးအမြင်ဗဟုသုတ တစ်ခုခု ရခဲ့မယ်ဆိုရင် တခြားသူများလဲ သိအောင် share ပေး၊ mention ပေးခဲ့ကြပါဦး။
ကျန်းမာရေး ပြဿနာများကို Healtppy ၏ အထူးကုဆရာဝန်ကြီးများနှင့်ဆွေးနွေးကုသနိုင်သလို၊ ဆရာဝန်များနှင့် လွယ်ကူလွတ်လပ်စွာ Messenger (သို့မဟုတ်) Phone ကနေလည်း ဆွေးနွေးကုသမှု ရယူနိုင်ပါတယ်။
ရေးသားသူ - ဒေါက်တာ ယဉ်ရွှေရည်